မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်တွင် နေပြည်တော်ရှိ KMA နေပြည်တော်ဟိုတယ်၌ ကျင်းပခဲ့သည်။

မဲခေါင်-လန်ချန်းဒေသ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝသာယာဝပြောရေး အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ ပူးပေါင်းဆောင်ရွက်မှု ရှစ်နှစ်တာ ကာလအတွင်း ထင်သာမြင်သာရှိသော ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ကြရသည်။

မဲခေါင်မြစ်သည် နိုင်ငံဖြတ်ကျော် စီးဆင်းလျက်ရှိသည့် မြစ်ကြီးတစ်စင်းဖြစ်သည်။ မဲခေါင်နိုင်ငံ (၆)နိုင်ငံ အားလုံးတို့အား သာတူညီမျှစွာ အကျိုးပြုလျက်ရှိသော မြစ်ကြီးတစ်စင်းလည်းဖြစ်သည်။ မဲခေါင်မြစ် တစ်လျှောက်တွင် မှီတင်းနေထိုင်ကြသော ပြည်သူလူထုအတွက် စားနပ်ရိက္ခာနှင့် ဝင်ငွေရရှိစေသည့် အဓိက အရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။ မဲခေါင်နိုင်ငံများအနေဖြင့် မဲခေါင်မြစ်၏ အကျိုးကျေးဇူးများကိုမျှေ၀ ခံစားလျက်ရှိသကဲ့သို့ မဲခေါင်မြစ်ကြီးကို ကာကွယ်ထိန်းသိမ်းရန် မဲခေါင်မြစ်နှင့် ဆက်စပ်လျက်ရှိသော နိုင်ငံများအားလုံးတွင် တာဝန်ရှိကြသည်။ 

မဲခေါင်မြစ်နှင့်ဆက်စပ်၍  တည်ထောင် အကောင်အထည်ဖော်လျက် ရှိသည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများနှင့် အစီအစဉ်များအနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အအောင်မြင်ဆုံး ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ ပထမဦးစွာအဆိုပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်တွင် စတင်ပေါက်ဖွားလာခဲ့ပြီး မဲခေါင်မြစ်အား မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏သာယာ ဝပြောရေးနှင့် ငြိမ်းချမ်းရေးကိုရှေးရှုလျက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို စတင်ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် မဲခေါင်-လန်ချန်းခေါင်းဆောင် များ၏ အမြော်အမြင်ကြီးမှုအပေါ် အလေးထားကြရမည်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေသို့ အမေရိကန် ဒေါ်လာသန်း ၃၀၀ မတည်ထူထောင် ထည့်ဝင်ပေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံ နှင့်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  ပူးတွဲဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဝန်ကြီးအဆင့် အစည်းအဝေး (၃)ကြိမ်ကျင်းပခဲ့သည်။ ထို့ပြင် စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်းခေါင်းဆောင်များ အစည်းအဝေး၌ အရေးပါသည့် “နေပြည်တော်ကြေညာစာတမ်း”၊ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ငါးနှစ်တာ လုပ်ငန်းအစီအစဉ်(၂၀၂၃-၂၀၂၇)”နှင့် “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှု စင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကိုအောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန်ဖိုးရှိ စီမံကိန်းပေါင်း ၁၀၆ ခုကို လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း သိရှိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရှစ်နှစ်တာကာလအတွင်း ဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်း ချိတ်ဆက်မှုစသည့် ကဏ္ဍများတွင် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း သိရှိရသည်။ ပို့ဆောင်ချိတ်ဆက်မှုကဏ္ဍတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ကို အရှိန်အဟုန်မြှင့်တင် စေနိုင်ခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေး စီမံကိန်းစုစုပေါင်း ၇၀၀ ကျော်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့် အကျိုးကျေးဇူးများမှာ ပြည်သူလူထုအတွက် များစွာ အထောက်အကူဖြစ်စေသည်။ မြန်မာပြည်သူများအတွက် အထူးရန်ပုံငွေ စီမံကိန်းများမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာသစ်များကို တိုးတက်ရရှိစေသည်။ မဲခေါင်-လန်ချန်းဒေသတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပူးပေါင်းဆောင်ရွက်မှု မူဝါဒများမှာ လွန်စွာ အရေးပါလှသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့်ပြည်သူ အချင်းချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍစသည့် ကျယ်ပြန့်လှသည့်နယ်ပယ် ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သိသာထင်ရှားသော အကျိုးရလဒ်များ ရရှိလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။