အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်း
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ဧပြီလ ၁၀ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားစဉ် “မြန်မာစကားပုံတွင် “ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်” ဟူ၍ရှိကြောင်း၊ အလားတူ စာပေအသိပညာမရှိပါက တစ်သက်လုံး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ စာပေအသိပညာ မရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှု ဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ ရင်ဆိုင်နေရသူများကို မိမိတို့မြင်တွေ့နေကြရပြီး ၎င်းတို့၏လူနေမှုပုံစံ ပြောင်းလဲတိုးတက် လာစေရေးနှင့် အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး မိမိတို့အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးမျှော်မှန်းချက်နှစ်ခုနှင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ပြီး ယင်းရည်မှန်းချက်များ အောင်မြင်စေရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင် အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန် မဖြစ်မနေလို အပ်သည့်အတွက် ပညာရေးမြှင့်တင်ရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်နေခြင်းဖြစ်သည်။
စာကြည့်တိုက်ဆိုသည်မှာ ပညာဖြန့်ဝေပေးရာ ဌာနကြီးတစ်ခုဖြစ်သည်။ စာဖတ်စေရန်နှင့် စာဖတ်အားများတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ စာကြည့်တိုက်များတွင် စာဖတ်သူများသည် ငွေကြေးကုန်ကျခံစရာမလိုဘဲ မိမိဖတ်လိုသည့် စာအုပ်များကို အလွယ်ဖတ်ရှုနိုင်သည်။ တစ်ဦးချင်း အသိပညာကြွယ်၀လာစေရန်အတွက် စာဖတ်ကြရမည်ဖြစ်သည်။ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါဆိုသည့်အတိုင်း စာဖတ်သူတိုင်း အနေဖြင့် စာကိုဖတ်ရုံသာမကဘဲ မိမိဘဝတစ်သက်တာ အတွက်အသုံးဝင်မည့် အကြောင်းအရာများကို မှတ်သားထားရမည်ဖြစ်သည်။
ပညာဆိုသည်မှာ အသက်အရွယ်အပိုင်းအခြား ခွဲခြားထားခြင်းမရှိဘဲ စဉ်ဆက်မပြတ် လေ့လာနေရမည့် အရာဖြစ်သည်။ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်သည်။ ထိုသို့အသိပညာ ဗဟုသုတများကြွယ်ဝလာခြင်းဖြင့် ဘဝအတွက်များစွာ အကျိုးဖြစ်ထွန်းစေပေမည်။ ထို့ပြင် မိမိဖတ်ရှုထားသည့် အသိပညာဗဟုသုတများကို လူအများသိရှိစေရေးအတွက် ပြန်လည်ဟောပြောပေးခြင်း၊ ဆွေးနွေးပေးခြင်းများ ဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှု အကျိုးကိုရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အသိပညာနှီးနှော ဖလှယ်ဆွေးနွေးလှုပ်ရှားမှုများကို အပတ်စဉ်အလိုက်၊ လစဉ်အလိုက် ဆောင်ရွက်သွားရန်ကိုလည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုခဲ့သည်။
ပြည်သူများအသိပညာ၊ အတတ်ပညာများ ရရှိစေရေးအတွက် ငွေကုန်ကြေးကျ အနည်းဆုံးဖြင့် ပညာရရှိစေရေးနှင့် စာအုပ်စာပေများကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ရေးကို ဆောင်ရွက်နိုင်ခြင်းဖြင့် စာဖတ်သူများ များပြားလာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကျေးလက်နေ ပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကျေးလက်များကို အကျိုးပြုသည့်စာအုပ်များကို ထုတ်ဝေပေးကြရမည်ဖြစ်သည်။ စာအုပ်စာပေဟူသည် မည်မျှပင်ဟောင်းနေသည်ဖြစ်စေ မဖတ်ရသေးသူများအတွက် အသစ်ပင်ဖြစ်ပြီး အသိပညာအသစ်များကို ရရှိစေမည်ဖြစ်သည်။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများ လှူဒါန်းမှုသည် တန်ဖိုးကြီးမားသည့် လှူဒါန်းမှု၊ မွန်မြတ်သည့် အသိပညာစာပေ အလှူဖြစ်သည်။ နိုင်ငံသားအားလုံး အသိပညာ၊ အတတ်ပညာနှင့် လူမှုဘဝတိုးတက်စေရေး၊ နိုင်ငံတော်၏ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အမျိုးသားရေး ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်ရာတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နိုင်စေရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။ မွန်မြတ်သည့်စာပေအသိပညာ လှူဒါန်းမှုများကို ဦးဆောင်နိုင်သူများက ဦးဆောင်၍ နိုင်ငံတစ်ဝန်း၌ မကြာခဏဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိစေမည်ဖြစ်သည်။ ဧပြီလ ၁၀ ရက်က ကျင်းပသည့် အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်းတပ်ဖွဲ့ဌာနချုပ်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြင်ပအလှူရှင်များလှူဒါန်းမှုမှာ အလှူငွေကျပ် ၅၆၀၀၈၇၅၀၀ နှင့်သုတ၊ ရသစာအုပ်စာစောင် ၄၈၃၅၇ အုပ်ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုလုပ်သည့် အခမ်းအနားများ၌ လှူဒါန်းမှုမှာငွေကျပ် ၄၂၅၀၇၇၉၅၀ နှင့်သုတ၊ ရသစာအုပ်စာစောင် ၃၀၈၅၄ အုပ်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေး ဆောင်ရွက်ချက်များကို မြဝတီသတင်းစာက ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။