တိုင်းပြည်သာယာဝပြောရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၀ ရက်)

တိုင်းပြည်သာယာဝပြောရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၂ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားစဉ် “မိမိတို့၏ အန္တိမရည်မှန်းချက် သည်တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြော ရေးအတွက် လူတိုင်းလူတိုင်းသည် တရားဥပဒေနှင့်အညီ လုပ်ကိုင်စားသောက်၍အေးချမ်းစွာဖြင့် အတူ တကွယှဉ်တွဲ နေထိုင်လိုသည့် စိတ်ဓာတ်မျိုးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ တစ်ဖက်သို့ အစွန်း ရောက်မည်ဆိုပါက တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲရုန်းကန်နေမည်ဖြစ်ပြီး ခွန်အားများ ကုန်ဆုံး နေမည်ဖြစ်ကာ သာယာဝပြောမှုသည်လည်း ဖြစ်လာနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဘာသာ ပေါင်းစုံအသင်းအဖွဲ့များအနေဖြင့် အလေးအနက်ထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိ၏ ရည်ရွယ်ချက်သည် နေပြည်တော် ကိုဗဟိုပြု၍ တိုင်းပြည်သာယာဝပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေးကို ဒီမိုကရေစီ အသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြမည်ဆိုပါက အောင်မြင် နိုင်မည်ဖြစ်ကြောင်း” ဟူ၍ ဘာသာပေါင်းစုံနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

ဘာသာရေးဆိုသည်မှာ  ငြိမ်းချမ်းမှု၊  တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်း ပေးသည်သာဖြစ်သည်။ ဘာသာရေးကို အမှန်တကယ်ထိထိရောက်ရောက် ရိုးရိုးသားသားဖြင့် ဆောင်ရွက် မည်ဆိုပါက ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုကို များစွာ အထောက်အကူပြု စေမည်ဖြစ်သည့်အခြေခံ ပင်ဖြစ်သည်။ ဘာသာတရားများ၏ အခြေခံအားလုံးတွင် အဆိုပါ အချက်များ ဖော်ပြထားသည်ကိုတွေ့ရ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှု အများဆုံး ဖြစ်သော် လည်း အခြားဘာသာကိုးကွယ် သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင်သင့် လုပ်ဆောင် ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုများကို ရရှိမည်ဟု ယုံကြည်သည်။

ကမ္ဘာ့နိုင်ငံများကိုကြည့်ပါက မြန်မာနိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့် နိုင်ငံများရှိသကဲ့သို့ ဘာသာ တစ်ခုတည်းကိုသာ အခွင့်အရေးပေးပြီး အခြားဘာသာရေးများကို အခွင့်အရေးမပေးသည့် နိုင်ငံများ လည်းရှိသည်။ ထို့ကြောင့်အချို့နေရာများတွင် ဘာသာရေးအရ ပဋိပက္ခများဖြစ်ပွားပြီး ဘာသာရေးအရ တည် ငြိမ်မှုပျက်ပြားခဲ့သည်များ ရှိသည်။ အလားတူဒေသအလိုက်တွင်လည်း ဘာသာရေးအရ ဖြစ်ပွား သည့် ပဋိပက္ခ များကိုထိန်းသိမ်းရန် ခက်ခဲသည်ကိုတွေ့ရကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်မည် ဆိုပါက ဘာသာရေး အရဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နှစ်ပေါင်းများစွာ ဖြစ်ခဲ့သည်။

ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့် နိုင်ငံဖြစ်သည်။ နေပြည်တော်သည် ဗဟိုချက်ဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဘုရားကြီးပရိဝုဏ်နှင့် ဆက်စပ်လျက်ရှိသည့်နေရာများတွင်လည်း ဘာသာရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရန်နှင့်  နိုင်ငံတကာနှင့်ပတ်သက်၍  ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တစ်ခုတည်ဆောက်ရန် လျာထားပြီးဖြစ်သည်။  အိမ်နီးချင်း အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူများရှိကြသည်။ အလားတူ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာ နေရာဖြစ်သည့် နီပေါ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများဖြစ်သဖြင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့နိုင်ငံကိုယ်စားပြုသည့် ကျောင်းများ လာရောက်တည်ဆောက် လိုပါက တည်ဆောက်နိုင်ရေးအတွက် နေရာလျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် ကြိုးစားလိုစိတ်နှင့် အရည်အချင်းရှိသည့်၊ ဉာဏ်ရည် ထက်မြက်မှု ရှိသည့်သူများဖြစ်ပြီး ပညာရှိအကျော်အမော်များစွာ ပေါ်ထွန်းခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ယင်းကို ဆက်လက်ထိန်းသိမ်းရန်နှင့် ပိုမိုတောက်ပလာစေရေးအတွက် ဆောင်ရွက်ပေးရန်မှာ လက်ရှိပစ္စုပ္ပန် တွင်နေထိုင်လျက်ရှိသည့် မျိုးဆက်များ၏ တာဝန်ပင်ဖြစ်သည်။ တိုင်းပြည်၏အနာဂတ်ကို ကောင်းစေလိုပါက  တိုင်းပြည်တွင် နေထိုင်ကြသူများ၏ အသိပညာနှင့် စိတ်ဓာတ်များကောင်းအောင် ဆောင်ရွက် ပေးရမည်ဖြစ်ပြီး တိုင်းပြည်အပေါ်တွင်စေတနာထား၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဘာသာရေး ပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်း ဆောင်ရွက်ပေး ကြရန် လိုအပ်လှပေသည်။ အနှစ်ချုပ် ဆိုရသော် သာယာဝပြောဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်လာအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေ သည်။   ။

မြန်မာ့အလင်း ၁၃-၄-၂၀၂၄ သတင်းစာ