ရေလိုအေး၍ ပန်းလိုမွှေးပါစေ

 

ရေလိုအေး၍ ပန်းလိုမွှေးပါစေ

 

အယ်ဒီတာ့အာဘော်               

 (၂၀၂၄ ခုနှစ်၊ ဧပြီ ၂၁ ရက်)

ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်ဟူသော ဆိုစကားသည် နိုင်ငံနှင့် လူမျိုးတိုင်းအတွက် အသိပေး၊ သတိပေးထားသော စကားရပ်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုထုံးတမ်း စဉ်လာများသည် လွန်စွာတန်ဖိုး ထားဖွယ်ကောင်းလှသည်။ ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်ကြသူများပီပီ လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်ကြသည်။ လူသားချင်းစာနာ ထောက်ထားသော စိတ်ဖြင့် မကောင်းမှုပြုလုပ်ရန် ဝန်လေးကြသည်။

ဆရာသမား မိဘဘိုးဘွားတို့၏ သွန်သင်ဆုံးမမှုအောက်တွင် ယဉ်ကျေးသိမ်မွေ့ကြသည်။ ယဉ်ကျေးသိမ်မွေ့သော လူ့အသိုင်းအဝိုင်းသည် ချစ်ခင်နှစ်သက်ဖွယ်ရာဖြစ်သည်။ ကြီးသူကိုရိုသေခြင်း၊ ရွယ်တူကိုလေးစားခြင်း၊ ငယ်သူကိုသနားညှာတာခြင်း စိတ်ထားသည် ယဉ်ကျေးမှု၏ အခြေခံဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် လိမ္မာယဉ်ကျေးသော ကလေးများအဖြစ် ပြုပြင်ပုံသွင်းပေးခြင်းဖြစ်သည်။ ကာယကံယဉ်ကျေးမှု၊ မနောကံယဉ်ကျေးမှု၊ ဝစီကံယဉ်ကျေးမှုဟူသော ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးပြေပြစ်သူများ ဖြစ်အောင် သင်ကြားပေးနေခြင်းသည်လောကကို အလှဆင်နေခြင်းဖြစ်သည်။ လူငယ်များသည် နောင်တစ်နေ့တွင် ကြီးမားသော တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပေရာ နုနယ်သော နှလုံးသားတွင်  ကောင်းသောမျိုးစေ့ ချပေးလိုက်ခြင်းဖြင့် အနာဂတ်တွင် တန်ဖိုးမြင့်မားသော လူကြီးများဖြစ်လာပေလိမ့်မည်။

လူမျိုးတိုင်းတွင် သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနှင့်  ဘာသာတရား၏ အဆုံးအမများရှိကြသည်။

သက်ဆိုင်ရာဘာသာ တရားများ၏ အဆုံးအမအတိုင်းသာ လိုက်နာ လုပ်ဆောင်ကြရမည်ဆိုပါက ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်သာ ဖြစ်သည်။ ယဉ်ကျေးလိမ္မာ သင်တန်းများသည် လူငယ်မောင်မယ်တို့ အတွက် မကောင်းမှုကိုရွံရှာစိတ်၊ ကောင်းမှုကိုမြတ်နိုးစိတ်နှင့်အတူ မိမိတို့၏ ပတ်ဝန်းကျင်တွင် စိတ်ထားကောင်းသူ ကလေးများဖြစ်လာအောင် သင်ကြားပေးနေခြင်းဖြစ်သည်။ အနန္တောအနန္တငါးပါးကို ကြည်ညိုကိုင်းရှိုင်း တတ်စေရန်၊ မိမိတို့၏ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးတွင် ယဉ်ကျေးစွာ ဆက်ဆံတတ်ကြရန်၊ (၃၈)ဖြာမင်္ဂလာ တရားတော်နှင့်အညီ နေထိုင်တတ်စေရန် သင်ကြားပေးခြင်းဖြစ်သည်။

ထို့အတူ မြတ်ဗုဒ္ဓဘုရားရှင်၏ ဖြစ်တော်စဉ်များမှ ဇာတ်တော်များကို ထုတ်နုတ်ဥပမာပေးကာ လောကလူ့ရွာ ကောင်းကျိုးသယ်ပိုး တတ်စေရန် သင်ကြားပေးနေခြင်းကြောင့် ထိုကလေးများ ကြီးပြင်းလာလျှင် အနိမ့်ဆုံး အဆင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၏ ကောင်းကျိုးသယ်ပိုးသူများ ဖြစ်လာပေမည်။  လူငယ်တို့၏နုနယ်သော နှလုံးသားကိုကောင်းသောစိတ်၊ ကောင်းသောအတွေး၊ ကောင်းသောအမြင်များ ဖြစ်လာအောင် သင်ကြားပေးနိုင်ခြင်းသည် လူငယ်များ၏ အနာဂတ်ကို တောက်ပြောင်အောင် စွမ်းဆောင်ပေးနေခြင်းဖြစ်သည်။ မြန်မာတို့၏  ယဉ်ကျေးမှုဓမ္မ အမွေအနှစ်ကို  လူငယ်များတန်ဖိုးထား ထိန်းသိမ်းလိုက်နာကျင့် ကြံကြမည်ဆိုလျှင် နိုင်ငံတော်၏ အနာဂတ်လှပကာ အမျိုးဘာသာသာသနာတို့ တည်တံ့နေမည်ဖြစ်သည်။

(၃၈)ဖြာမင်္ဂလာ တရားတော်၏ အနက်အဓိပ္ပာယ်ကို   ရှင်းလင်းစွာသိရှိပြီး  လိုက်နာမည်ဆိုလျှင်ပင် လူငယ်တို့ဘဝ အဆင့်အတန်းသည် မြင့်သည်ထက်မြင့်လာပေမည်။ လူမိုက်တို့ကို မပေါင်းသင်း မဆည်းကပ်ခြင်းဟူသော မင်္ဂလာအရ မိမိပတ်ဝန်းကျင်တွင်ရှိသူသည် လူဆိုးလား၊ လူကောင်းလား၊ အကျင့်စာရိတ္တကောင်းသူလား၊ မကောင်းသူလားစိစစ်ပြီး မကောင်းလျှင် ရှောင်ရှားရမည်ဖြစ်သည်။ လူမိုက်သည် ငါးပိပုပ်နှင့်တူသည်။ ငါးပိပုပ်သည် ကိုယ်တိုင်လည်း အနံ့ဆိုးသည်။ ထိမိလျှင်လည်း ထိုအနံ့ဆိုးကူးစက်သည်။ ထို့ကြောင့် လူမိုက်ကိုရှောင်ခြင်းသည် ဘဝတိုးတက်ရေးအတွက် မင်္ဂလာဖြစ်သည်။

ပညာရှိသူ လူလိမ္မာတို့ကို ပေါင်းသင်းဆည်းကပ်ခြင်း မင်္ဂလာအရ မိမိဝန်းကျင်ရှိ အပေါင်းအသင်းများသည် လူတော်၊ လူကောင်းဖြစ်နေပါမှ မိမိ၏ပညာရေး၊ စီးပွားရေး၊ ကုသိုလ်ရေးစသည်များ တိုးတက်ဖြစ်ထွန်းပေလိမ့်မည်။ ပညာရှိ လူလိမ္မာတို့သည် ရေမွှေးနှင့်တူသည်။ ရေမွှေးသည် ကိုယ်တိုင်လည်းမွှေးသလို ထိစပ်သူကို မွှေးကြိုင်စေသည်။ လူလိမ္မာသည် ကောင်းသတင်းကျော်စောသကဲ့သို့ သူနှင့်ပေါင်းဖော် ယှဉ်တွဲနေသူကိုလည်း ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောစေသည်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းမင်္ဂလာအရ ဆရာသမား၊လူကြီးမိဘတို့ကို ရိုသေလေးစား တန်ဖိုးထားသောအခါ ထိုသူတို့က မိမိတို့၏ဘဝ တိုးတက်မြှင့်တင်မြင့်မားရေးကိုသာ ကြည့်ရှုစောင့်ရှောက်ကြမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးမှာ နိုင်ငံအတွက် အရေးကြီးလှသည်။ တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့်  ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးလိမ္မာ ချစ်စရာဆိုသည့်အတိုင်း ယဉ်ကျေးလိမ္မာသော ချစ်စရာလူငယ်များမှာ ရေလိုအေး၍ ပန်းလိုမွှေးနေမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။