ကမ္ဘာမြေသန့်ရှင်းဖို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချစို့

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်)

ကမ္ဘာမြေသန့်ရှင်းဖို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချစို့

လူသားတို့အတွက် ကမ္ဘာမြေကြီးသည် ပြီးပြည့်စုံသော ဟိုတယ်ကြီးတစ်ခုနှင့် တူလှသည်။ လူသားတို့ စားဝတ်နေရေးအတွက် လိုအပ်ချက်များဖြစ်သည့် ရေ၊ မြေ၊ လေ၊ မီး၊ အစားအစာတို့ကို အစဉ်ဖြည့်ဆည်း ပေးလျက်ရှိသည်။ လူသားမှန်သမျှသည် လူ့သက်တမ်းအလိုက် နေထိုင်ကြရပြီး ကမ္ဘာမြေကြီးပေါ်မှ ထွက်ခွာသွားကြသည်မှာ ဟိုတယ်မှပြန်လည်ထွက်ခွာသွားသည့်ပမာ တူလှသည်။ ထို့ကြောင့် ကမ္ဘာ မြေကြီးသည် လူသားတို့အတွက် အဖိုးမဖြတ်နိုင်သည့်အပြင် ကျေးဇူးကြီးလှသည့် ခိုလှုံစရာနေရာကြီး ဖြစ်သည်။ လူသားတို့အသက်ရှင်သန် နေထိုင်စဉ်အတွင်း ကမ္ဘာမြေကြီး၏ ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ပေးပြီး ဆိုးကျိုးမှန်သမျှကို ကာကွယ်တိုက်ဖျက် ပေးကြရမည် ဖြစ်သည်။

ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုသည် လူသားတို့အတွက် အန္တရာယ်တစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရန် အရေးကြီးလှကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားများ သိရှိနားလည် သဘော ပေါက်ကြရန်လိုအပ်သည်။ လေထုညစ်ညမ်းမှု၊ အရှိန်အဟုန်မြင့်တက်လာနေသည့် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ကမ္ဘာမြေ၏ ရှင်သန်မှုကိုခြိမ်းခြောက်နေသည့် အခြားသော အခြေအနေများကို အသိပညာပေးရန်ရည်ရွယ်၍ ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ ကမ္ဘာမြေနေ့ကို စတင်ကျင်းပခဲ့ကြသည်။

၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ကမ္ဘာမြေနေ့ကို အသိအမှတ်ပြု ကျင်းပခဲ့သည်။၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာမြေနေ့သည် (၅၄)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ Planet vs. Plastics ဖြစ်သည်။ ဤဆောင်ပုဒ်သည် လူသားများအနေဖြင့် ပလတ်စတစ်၏ ကျန်းမာရေးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်၊ တစ်ခါသုံးပလတ်စတစ်များကို လျင်မြန်စွာဖယ်ရှားရန်နှင့် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ပြင်းပြင်း ထန်ထန်တွန်းအားပေးပြီး ပလတ်စတစ်အသုံးပြုမှု အလေ့အကျင့်များကို အမြန်အဆုံးသတ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ မျိုးဆက်သစ်အဆက်ဆက်တို့အတွက် ပလတ်စတစ် ကင်းစင်သော ကမ္ဘာမြေ တည်ဆောက်နိုင်ရန်နှင့် လူသားနှင့်ကမ္ဘာမြေ၏ ကျန်းမာရေးအတွက် ၂၀၄၀ ပြည့်နှစ်တွင် ပလတ်စတစ် ထုတ်လုပ်မှုအားလုံး၏ ၆၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်း ပါဝင်နိုင်ရေး လည်းရည်ရွယ်သည်။

ပလတ်စတစ်သည် ထုတ်လုပ်အသုံးပြုသည့်အချိန်မှ စွန့်ပစ်သည့် အချိန်ကာလ သက်တမ်းတစ်လျှောက် တွင် လူသားတို့ကို ပုံစံအမျိုးမျိုးဖြင့် အကျိုးပြုသည့် အချက်များလည်းရှိသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းများကို စနစ်တကျနှင့် ကုန်ကျစရိတ်သက်သာစွာ ထုပ်ပိုးနိုင်သည်။ အီလက်ထရွန်နစ် ပစ္စည်းများအား ကုန်ကျစရိတ်သက်သာစွာ ထုတ်လုပ်နိုင်ပြီး လူအများ လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်သည်။ ထုတ်ကုန်ပစ္စည်းများကို ပေါ့ပါးစေပြီး သယ်ယူပို့ဆောင်ရေး စရိတ်များကို သက်သာစေသည်။ အလားတူ အခြားတစ်ဖက်တွင်လည်း ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် သဘာဝအလျောက် လွယ်ကူစွာပြိုကွဲပျက်စီးခြင်းမရှိသည့်အတွက် စနစ်တကျ စီမံခန့်ခွဲခြင်းမရှိပါက ကမ္ဘာမြေ အတွက်ကြီးမားသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ပေါ်ပေါက်လာစေသည်။

ပလတ်စတစ်များသည် ယင်းတို့၏ ထုတ်လုပ်မှုနှင့်  အသုံးပြုပြီးစွန့်ပစ် မီးရှို့ဖျက်ဆီးခြင်း ကွင်းဆက် တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ ထုတ်လွှတ်နေသည်။   ပလတ်စတစ် တန်ချိန်သန်းပေါင်း ၁၅၀ သည်  ပင်လယ်သမုဒ္ဒရာအတွင်းသို့  အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိကာ သေးငယ်သော ပလတ်စတစ်အမှုန်များအဖြစ်သို့ ပြိုကွဲလျက်ရှိသည်။ ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်း လောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် ရေနံစိမ်း ပမာဏများကို ထုတ်လုပ်သန့်စင်ရန်လိုအပ်သကဲ့သို့  သယ်ယူပို့ဆောင်ရေးကွင်းဆက်အတွက်လည်း  အသုံးပြုကြသည်။ ထို့ကြောင့် ပလတ်စတစ်ထုတ်လုပ်မှု မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာမြေမှ ဖြည့်ဆည်းပေးနေသော ရုပ်ကြွင်းလောင်စာထုတ်ယူသုံးစွဲမှု ပိုမိုမြင့်မားလာပြီး သဘာဝအရင်းအမြစ်များ ရှားပါးလာမှုကို ဖြစ်ပေါ်စေနိုင်သည်။

လေထုထဲသို့ ရောက်ရှိလာသော မှန်လုံအိမ်ဓာတ်ငွေ့များသည်လည်း ကမ္ဘာမြေကြီးပူနွေးလာမှုကို ပိုမိုမြင့်မားလာစေမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဏ္ဏဝါ အမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသ အတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာမြေညစ်ညမ်းမှုကို ထိန်းသိမ်းသည့်အနေဖြင့် ပလတ်စတစ်ထုပ်ပိုးပစ္စည်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေမှုကို လျှော့ချကြရမည် ဖြစ်သည်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲခြင်းနှင့် ယင်းစွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်းတို့ကို အလေးထား လုပ်ဆောင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူသား တိုင်းအတွက် ကမ္ဘာမြေသန့်ရှင်းကျန်းမာ၍ သဘာဝအလှများဖြင့် ထာဝစဉ်လှပရေးအတွက် ပလတ်စတစ် သုံးစွဲမှုကို လျှော့ချကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။