ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များ

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်)

ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များ

လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည့်သူများ ဖြစ်သည်။ သူတို့သည် အနာဂတ် ကာလတွင် လူကြီးများထံမှနိုင်ငံတော်တာဝန်များကို  ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်းအသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကိုလေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် ရေကြောင်းလူငယ်တန်း မြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲများကို ဧပြီလ ၂၂ ရက်က သက်ဆိုင်ရာမြို့နယ်များတွင် တစ်ချိန်တည်း စတင်ဖွင့်လှစ်ခဲ့သည်။

ပင်လယ်ရေကြောင်းပညာများကို စိတ်ဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အရေးပါကြောင်း လူငယ်များသိရှိ နားလည် စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့် အားကစား သမားများ မွေးထုတ်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များအတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)၊ ရေကြောင်း လူငယ်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)တို့ကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်သည်။

ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် အခြေခံစစ်ရေးပြနှင့် အခြေခံ ရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်း လမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံ ရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြား ပေးမည်ဖြစ်သည်။ ထို့ပြင် သင်တန်းစခန်း ၁၀ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အလားတူလေကြောင်း ပညာသမိုင်းကို လေ့လာခြင်းဖြင့်လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ်များ တွင်စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိ နားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာအား ပြုစုပျိုးထောင်မြှင့်တင်ပေးရန်၊ မျိုးဆက်သစ် လူငယ်မောင်မယ်များ ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စသည်ဖြင့် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်သင်တန်းစခန်းအပါအဝင် သင်တန်းစခန်း ၁၇ ခု၌ ဧပြီလ ၂၂ ရက်ကကျင်းပခဲ့သည်။

လေကြောင်း လူငယ်သင်တန်းများကို ၁၉၅၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယခု ဖွင့်လှစ်သည့် သင်တန်းကို လေကြောင်းကင်းထောက်သင်တန်း၊ လူငယ်(လေကြောင်း)သင်တန်း၊ လေကြောင်း မျိုးဆက်သစ်သင်တန်း၊ လေကြောင်းရဲညွန့်လောင်းသင်တန်း၊ လေကြောင်း လူငယ် သင်တန်းဟု အဆင့်ဆင့် အမည်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၂၀၂၃ ခုနှစ်အထိ အခြေခံအဆင့် သင်တန်းသား ၆၉၂၄ ဦးနှင့် တန်းမြင့်သင်တန်းသား ၅၃၁ ဦး စုစုပေါင်းသင်တန်းသား ၇၄၅၅ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။ နိုင်ငံတော်၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် မျိုးဆက်သစ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်တွင် တန်ဖိုးရှိလှသည့် လေကြောင်းဆိုင်ရာ ပညာရပ်များကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းကို မေလ ၁၇ ရက် အထိလည်းကောင်း၊ အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ် သင်တန်းတို့ကို မေလ ၂၄ ရက်အထိလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတိုင်းတွင် အရေးကြီးဆုံးနှင့် အဓိကအကျဆုံးမှာ ကာကွယ်ရေး အင်အားခိုင်မာ တောင့်တင်းရေး ဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံသားတိုင်း စဉ်ဆက်မပြတ် ထမ်းဆောင် နေရမည့် တာဝန်ဖြစ်သည်။ လူငယ်များကို ပြုစုပျိုးထောင်နေခြင်းမှာ လူငယ်တို့အနေဖြင့် ဗလငါးတန် ပြည့်ဝနေမှသာ နိုင်ငံတော်အတွက် ကျရာတာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲမရှိ ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာရေးအတွက် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိရာ လူငယ်များအနေဖြင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များအဖြစ် ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

၁၃-၄-၂၀၂၄ မြဝတီသတင်းစာ