နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်)

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရည်မှန်းချက်ထား တည်ဆောက်ပေးလျက်ရှိရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း နောင်တစ်နေ့တွင် လူကြီးဖြစ်လာကြမည့်လူငယ်တို့၏ အနာဂတ်လှပရေးအတွက် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ လူငယ်မောင်မယ်တိုင်း ပညာပြည့်ဝ နှလုံးလှ နေမှသာ နိုင်ငံတော်၏ အနာဂတ်သည် တည်ငြိမ်လှပနေမည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းပညာကို ဆုံးခန်းတိုင်သင်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနေခြင်း လည်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူတိုင်း အနိမ့်ဆုံးအဆင့် KG+9 အထိ တတ်မြောက်ထားရမည်ဖြစ်ပြီး ထို Grade-9  အောင်မြင်ပြီးမြောက်ပါက အခြားသော ပညာရေးနယ်ပယ်အသီးသီးသို့ ဆက်လက်လျှောက်လှမ်းရန် ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းပညာရပ်များ ဆက်လက်သင်ကြားနိုင်ရန် စီမံပေးထားသည်မှာ ယနေ့လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။ နိုင်ငံတစ်ဝန်း လုံးရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် နေ့စဉ်ထုတ် သတင်းစာများတွင်လည်းကောင်း၊ ရုပ်မြင်သံကြား သတင်းမီဒီယာများတွင်လည်းကောင်း အလယ်တန်း အဆင့် (Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများကို ဖော်ပြပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အားလုံးအလယ်တန်းအဆင့် (Grade-9)ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရပ်များကိုသင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် (၅၀) ရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင်(၃၄)ခရိုင်၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၃၄)ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် အဆိုပါအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်း ဆင့်သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်း လည်း ရရှိလာမည်ဖြစ်သည်။ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စား သည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက်  လျှောက်ထားနိုင်မည်ဖြစ်သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူမည့်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ သိရှိနိုင်စေရန်(၁)အခြေခံပညာ အထက်တန်းဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃) စိုက်ပျိုးရေးအတတ် ပညာ၊ (၄)မွေးမြူရေး အတတ်ပညာစသည့် ပညာရေးလမ်းသွယ်လေးမျိုး ရွေးချယ်သင်ယူနိုင်မည့်အခွင့်အလမ်း ကောင်းများအကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ထပ်မံ ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၃၄) ကျောင်းကိုလည်း နိုင်ငံပိုင်မီဒီယာများကတစ်ဆင့် ဖော်ပြပေးလျက်ရှိပါသည်။

ပညာရေးလမ်းသွယ်လေးမျိုးတွင် ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ကြိုးစားမှုရှိလျှင်ရှိသည့် အလျောက် ဆက်လက် တက်ရောက်သင်ကြားနိုင်မည့် အခွင့်အရေးများကိုလည်း သတ်မှတ်ထားပြီး ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်တိုးတက်ရန်မှာ အသိပညာ၊ အတတ်ပညာကြွယ်ဝမှုပေါ်တွင် မူတည်သည်။ လူတိုင်းအတွက် ပညာတတ်မြောက်မှုမှာ မရှိမဖြစ်လိုအပ်သည်။ နိုင်ငံသားတိုင်း စားဝတ် နေရေးအဆင်ပြေစေရန်အတွက်  အလုပ်အကိုင် အခွင့်အလမ်းကို လိုအပ်သည်။ ထိုအလုပ်အကိုင် အခွင့် အလမ်းကို  ပညာဖြင့်သာ ရယူနိုင်မည်ဖြစ်သည်။  ပညာရေးလမ်းသွယ်လေးမျိုးမှာ အလုပ်အကိုင် အခွင့်အလမ်းပေါများရေး၊  ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးတည်ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးလမ်းသွယ်လေးမျိုးအနက် မိမိတို့နှစ်သက်ဝါသနာပါရာပညာရပ်ကို ကြိုးစားသင်ယူခြင်းဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။