ပြည်တွင်း၌ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်ရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆ ရက်)

ပြည်တွင်း၌ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဧပြီလ ၂၂ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)သို့ တက် ရောက် အမှာစကားပြောကြားစဉ် “တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာ ပေါများရေးအနေဖြင့် နိုင်ငံတော်တွင်လူတစ်ဦးချင်းစီသည် အခြေခံဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာ နေထိုင် စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများ ဖြစ်စေရေး နှင့် နိုင်ငံ၏ငွေကြေးတန်ဖိုးများခိုင်မာစေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များ ရှိပြီးဖြစ်သည်။  သို့သော်  စီးပွားရေးအရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေး လမ်း ကြောင်း များအားပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှု များ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အဆိုပါ အချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွား ပိုမိုတိုး တက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်သည်။

တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်း၌ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေးပင် ဖြစ်သည်။ ထို့ကြောင့် စားသောက်ကုန်နှင့်လူသုံးကုန် များကို ဒေသအသီးသီး၌ ပြည့်စုံလုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဆန်၊ စပါးအဓိက စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ရှေးယခင်က နိုင်ငံအတွင်း၌ပင် ဆန်၊ စပါးများရှားပါးသည်အထိ ဖြစ်ပေါ်ခဲ့ဖူးကြောင်းသိရှိရသည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဒေသတွင်း၌ ရာသီဥတု ဖောက်ပြန်ဆိုးရွားမှုများကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး ဆန်စပါးများ ရှားပါးခဲ့ရခြင်း ဖြစ်သည်။ အလားတူဖြစ်စဉ်မျိုး ဒေသတွင်းရှိ နိုင်ငံများတွင်လည်း ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် စပါးအထွက်နှုန်းများ တိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်ခဲ့ရသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး အမြဲဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ခြင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်မည်ဆိုပါက နိုင်ငံ၏ စိုက်ပျိုးစွမ်းအားများ တိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာထုတ်လုပ်နိုင်သည့် အခြေခံကောင်း များကို ပိုင်ဆိုင်ထားရှိသည့်နိုင်ငံဖြစ်သဖြင့် နိုင်ငံတကာတွင် စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကိုအထောက်အကူပြုနိုင်သည့် နိုင်ငံဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ဝင်ငွေကိုလည်း တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက် ကြရမည် ဖြစ်သည်။

ဆီထွက်သီးနှံများနှင့် ပတ်သက်၍လည်း အထွက်နှုန်းပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်သည်။ သို့မှသာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရမှု လျော့နည်းမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်လေးချက်မှာ အဓိက အရေးကြီးလှသည်။ ရေလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်သည်။ လက်ရှိအချိန်သည် စိုက်ပျိုးရေးလုပ်ငန်းများ မြိုင်မြိုင်ဆိုင်ဆိုင် ဖြင့်ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်း အတိုင်း ပြည့်ဝစွာထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင် မည်ဖြစ်သဖြင့် ပြည်ပငွေသုံးစွဲမှုများစွာ လျှော့ချနိုင်မည်ဖြစ်သည်။

ထို့အတူ  ဝါစိုက်ပျိုးထုတ်လုပ်မှုကိုလည်း အဆင့်မီသည့်ဝါဂွမ်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်ပမှချည်နှင့် ပိတ်များတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်တွင်း၌ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်မှသာ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည်။  ယခုအခါ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်  သဘာဝဘေးအန္တရာယ်ကို   ရှောင်ရှား ခြင်းမပြုနိုင်သော် လည်း  ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်များကိုကြိုတင်ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်ရမည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

၂၃-၄-၂၀၂၄ သတင်းစာများ