ပူတာအို-ခေါင်လန်ဖူး လူမှုစီးပွား တိုးတက်တော့မည်

 

ပူတာအို-ခေါင်လန်ဖူး လူမှုစီးပွား တိုးတက်တော့မည်

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ မေ ၄ ရက်)

မြန်မာနိုင်ငံသည် တည်နေရာပထဝီဝင် အနေအထားအရ တောင်ကုန်း၊ တောင်တန်းများ၊ မြစ်၊ ချောင်းများ၊ မြေပြန့်လွင်ပြင်များဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်သည်။ မြင့်မားလွန်းလှသော တောင်တန်းကြီးများကြောင့် ခရီးမိုင်အားဖြင့် မဝေးကွာသော်လည်း သွားလာမှုခက်ခဲသည့် ဒေသများလည်း ရှိနေသည်။ ခက်ခဲလှသော ဒေသများတွင် သွားလာမှုလွယ်ကူစေရန် အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့ပူးပေါင်းကာလမ်းကြောင်းရှာဖွေ ဖော်ထုတ်ဖောက်လုပ်ခြင်း၊ မြစ်၊ ချောင်းများတွင် တံတားများ တည်ဆောက်ခြင်းများကို ခက်ခဲစွာ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံမြောက်ဖျားဒေသ ရေခဲများ ဖုံးလွှမ်းသည့် ပူတာအိုမြို့နှင့် အရှေ့မြောက်တွင် တည်ရှိသည့် ခေါင်လန်ဖူးမြို့ရှိဒေသခံ တိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေးနှင့်  စီးပွားရေးကဏ္ဍများ အဆင်ပြေချောမွေ့စေရန် ၅၆ မိုင်ကွာဝေးသော ခရီးကိုဖောက်လုပ်ခဲ့ရာ တစ်ချိန်က ခက်ခဲကြမ်းတမ်းသော ခရီးမှာ ယခုအခါ မိုးရာသီမှလွဲ၍ သွားလာမှု အဆင်ပြေနေပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ပြီး သွားလာမှုအဆင်ပြေပါက ရာသီမပြတ် နှင်းများဖြူဖွေးစွာ ကျရောက်နေသည့် အဆိုပါဒေသကို ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ကြမည်ဖြစ်သည်။

အာဆီယံဒေသအတွင်း ရေခဲဖုံးလွှမ်းသောဒေသကို ပိုင်ဆိုင်သည့် မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုဒေသရှိ ဖုန်ကန်ရာဇီနှင့် ခါကာဘိုရာဇီ ရေခဲတောင်တို့သို့ နှစ်စဉ်တောင်တက် ခရီးသွားများ ဝင်ရောက်လျက်ရှိသည်။

ပူတာအိုမှခေါင်လန်ဖူးမြို့သို့ ၁၃၂ မိုင်ဝေးကွာပြီး ၇၆ မိုင်ခရီး အကွာအဝေးရှိသော ဆန်းလွှတ်ချက်တောင်သို့ ကားလမ်းဖောက်လုပ်ထားသည်။ ကျန်ရှိသော ၅၆ မိုင်လမ်းပိုင်းကို မကြာမီအချိန်အတွင်းက အောင်မြင်စွာ ဖောက်လုပ်ပေးထားပြီး ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေပေါင်း ၄၆၈၀ တွင် တည်ရှိသော ခေါင်လန်ဖူးမြို့သည် တောင်ပေါ်မြို့ဖြစ်သည်။

ခေါင်လန်ဖူးဒေသသည်  မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင် တည်ရှိ၍ ဆိုးရွားသော ရာသီဥတုနှင့် မြေမျက်နှာပြင် ခက်ခဲကြမ်းတမ်းသည်။ မြင့်မားမတ်စောက်သော တောင်ပေါ်ဒေသ၊ ကျောက်တောင်၊ ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများလှသည်။ ရေခဲတောင်နှင့် ဆီးနှင်းများကြောင့် စိုက်ပျိုးမြေနည်းပါးသည်။ ထို့ကြောင့် ခေါင်လန်ဖူးဒေသရှိ ပြည်သူများအနေဖြင့် နှစ်စဉ်စားနပ်ရိက္ခာ  အခက်အခဲရှိသည်။ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်မှ စားနပ်ရိက္ခာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ထောက်ပံ့ ကူညီပေးနေရသည်။

ခေါင်လန်ဖူးဒေသမှ ပူတာအိုသို့ သွားရောက်မည်ဆိုပါက ခေါင်လန်ဖူးမှ မဂွေဇသို့ ၆၅ မိုင်အကွာ အဝေးအား ခြေကျင်ခရီးဖြင့် သွားကြရသည်။ ထိုခြေကျင်ခရီးကပင် ရှစ်ညအိပ် ကိုးရက်ခန့် သွားလာကြရသည်။ မဂွေဇမှ ပူတာအိုသို့ ၆၇ မိုင်ခရီးမှာ ဆိုင်ကယ်/ကားများဖြင့် နှစ်ရက်ခန့် ဆက်လက်သွားရောက်ကြရသည်။ ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ကိစ္စရပ်များ ပူတာအိုသို့မဖြစ်မနေ သွားရောက်လေတိုင်း  ခေါင်လန်ဖူးမှ  ပူတာအိုအထိ  ခရီးလမ်းတစ်လျှောက်တွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ အခက်အခဲပေါင်းများစွာ တွေ့ကြုံသလို အချိန်ကုန်လူပန်းပြီး ကုန်ကျစရိတ်လည်း လွန်စွာများပြားလှသည်။

တစ်ချိန်က ခေါင်လန်ဖူး၊ နောင်မွန်ကနေ အခက်အခဲမျိုးစုံနှင့် ပူတာအိုမြို့သို့ သွားလာခဲ့ရသော်လည်း ယခုအခါတောင်ပေါ်လမ်း ဖောက်လုပ်ပြီးစီးသည့်အတွက် အခက်အခဲများ လျော့နည်းသွားပြီဖြစ်သည်။ ထို့ပြင် မြစ်ကူး/ချောင်းကူးတံတားများကိုလည်း တပ်မတော်သားတို့က စွန့်စွန့်စားစား တည်ဆောက်ပေးထားပြီးဖြစ်သည်။ အဆိုပါဒေသတွင် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဆိုပါက ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။

ပူတာအိုဒေသအား ကမ္ဘာကရေခဲတောင်ခရီးစဉ် ဒေသတစ်ခုအဖြစ်သိရှိကြသည်။ ပူတာအိုဒေသတွင် ဂရိတ်ဖရုသီး  အဓိကထွက်ရှိပြီး ဆေးမြစ်၊ ဆေးဥများ၊ ရေခဲငါးများနှင့် ဟင်းသီးဟင်းရွက်များထွက်ရှိသည်။

ခေါင်လန်ဖူးမြို့သည်  အေးမြသောရာသီဥတုနှင့်အတူ   နှင်းများရစ်သိုင်းလျက်ရှိပြီး ခေါင်လန်ဖူးမြို့တောင်ခြေ၌ မေခမြစ်နှင့်အာချန်ခမြစ်တို့ ပေါင်းဆုံသောနေရာအား ဒေသခံများက မြစ်ဆုံဟုခေါ်ကြသည်။ နှစ်စဉ်နိုဝင်ဘာလမှ မတ်လအထိ ရေခဲလေ့ရှိသည်။ ပေ ၉၀၀၀ ကျော်နှင့်ပေ ၁၀၀၀၀ ကျော်မြင့်သည့် ရှိန်းခေါင်တောင်၊ ဇီးထန်တောင်၊ ဂီထော့တောင်နှင့်အူရိန်တောင်တို့သည် ရေခဲလေ့ရှိသည်။ အရှေ့ဘက်နှင့်

မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် နောင်မွန်နှင့် မချမ်းဘော၊ တောင်ဘက်တွင် ဆွမ်ပရာဘွမ်နှင့် ဆော့လော်မြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ခေါင်လန်ဖူးမြို့သည် ကိုလိုနီခေတ်မှစ၍ တည်ခဲ့သောမြို့ဖြစ်ပြီး သမိုင်းနောက်ခံနှင့် သဘာဝရေမြေတောတောင် အလှတို့ကြွယ်ဝလျက်ရှိသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်လုံခြုံရေးတွင်လည်း အရေးပါပြီး သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းတို့ ပွင့်လန်းလာတော့မည့် နေရာဒေသဖြစ်သည်။ ခရီးသွားလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်စနစ်တကျ လုပ်ဆောင်နိုင်မည်ဆိုပါက ခေါင်လန်ဖူးဒေသရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ အနေဖြင့် ပူတာအို-ခေါင်လန်ဖူးလမ်းပန်း ဆက်သွယ်ရေး ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာခြင်းနှင့်အတူ အဆိုပါဒေသမှာပိုမိုစည်ကားလာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။