ကြိုတင်ကာကွယ်မှုဖြင့် မီးကိုအနိုင်ယူပါ

 

ကြိုတင်ကာကွယ်မှုဖြင့် မီးကိုအနိုင်ယူပါ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၅ ရက်)

    မြန်မာနိုင်ငံတွင် နှစ်စဉ်မေလ ၅ ရက်နေ့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ထားရာ ယနေ့သည် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တား ဆောင်ပုဒ်သည်  လူတိုင်းအတွက် သတိပြုရမည့် ဆောင်ပုဒ်ဖြစ်သည်။ မည်သည့် ဘေးအန္တရာယ်မဆို မဖြစ်ခင် ကကြိုတင်ကာကွယ်မှသာ ပျက်စီးဆုံးရှုံးမှု နည်းပါးမည်ဖြစ်သည်။ မီးသည်ရန်သူမျိုး ငါးပါးတွင် တစ်ပါးပါဝင် သော်လည်း လူသားတို့အတွက် မီးသည်မရှိမဖြစ် အရာဖြစ်သည်။ မီးကိုပိုင်နိုင်စွာ သုံးတတ်လျှင် မိသားစု ဘဝပြုံးနိုင်သကဲ့သို့ ပေါ့လျော့စွာ သုံးမိလျှင်ကား ဆုံးတတ်သည်ကို သတိပြုသင့်ပါသည်။

မီးသည်နွေမိုးဆောင်း   ချိန်ခါမရွေး၊   နေရာမရွေးလောင်တတ်သည့်အတွက်   မီးမလောင်ရန် အကောင်းဆုံးနည်းမှာ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ မီးဖိုနံဘေးတွင် လုံလောက်သောအကာအရံများ ထားရှိပါ။ အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများအသင့်ထားရှိပါ။ လျှပ်စစ်မီး ကြိုးများ ဆွေးမြည့်ပေါက်ပြဲနေလျှင် ကျွမ်းကျင်သူများနှင့် အမြန်ဆုံးပြင်ဆင်ပါ။ဂက်စ်မီးဖို အသုံးပြုရာတွင် လေဝင်လေထွက် ကောင်းစေရန်အတွက် ပြတင်းပေါက်များဖွင့်ထားပါ။ ဤအချက်များမှာ ခက်ခဲသည့် အချက်များမဟုတ်ပါ။ လူတိုင်းလိုက်နာရန် လွယ်ကူပါသည်။

မီးလောင်ရသည့် အကြောင်းရင်းများတွင် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်ရခြင်းဖြစ်ပြီး အိမ်တိုင်းတွင် အသုံးပြုသော မီးဖိုတွင် မီးကြွင်းမီးကျန်ရှိနေခြင်း၊ မီးဖိုမီးကိုလိုသည်ထက် ပို၍သုံးစွဲခြင်း၊ မီးဖိုအသုံးပြုစဉ် အစောင့်မရှိခြင်း၊ ကျေးလက်တောရွာများတွင် ထင်းကျပ်တင်ခြင်း၊ ကျပ်ခိုးများကို မီးစွဲခြင်း၊ ဆီအိုးအပူ လွန်ကဲခြင်း၊ မီးဖိုနှင့်ထရံအကာ နီးကပ်နေခြင်း၊ ဓာတ်ဆီ၊ ရေနံဆီနှင့်မီးမွှေးခြင်း၊ မီးလောင်လွယ်သော ပစ္စည်းများ၊ လောင်စာဆီများကို မီးဖိုအနီးထားရှိခြင်း၊ အသက်အရွယ်ကြီးရင့်သူ၊ မသန်စွမ်းသူနှင့် ကလေး သူငယ်များမှ ချက်ပြုတ်ကြော်လှော်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။

မီးဖိုမီးကဲ့သို့ပင် လူသားတို့၏ ပေါ့ဆမှုကြောင့်လည်း မီးလောင်မှုဖြစ်လေ့ရှိသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မီးကို မငြှိမ်းသတ်ဘဲလွှင့်ပစ်ခြင်း၊ ဘုရားမီးပူဇော်ပြီး စောင့်မကြည့်ခြင်း၊ လူမရှိဘဲ ဖယောင်းတိုင် မီးခွက်ထွန်းထားခြင်း၊ ဖုန်းဘက်ထရီအားကို တစ်ညလုံးသွင်းထားခြင်း၊ ခြင်ဆေးခွေကို အောက်ခံမပါဘဲ အသုံးပြုခြင်း၊ ကလေးသူငယ်များက မီးခြစ်များကို အလွယ်တကူ ယူဆော့ခြင်း၊ ဈေးဆိုင်ခန်းများပိတ်သိမ်းရာတွင် လျှပ်စစ်မီးခလုတ်များ ဖွင့်ထားခဲ့မိခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများ ပေါက်ပြဲနေခြင်းကို အချိန်မီ မပြင်ဘဲထားခြင်း၊  မီးပျက်သွားသည့်အခါ မီးခလုတ်များကို အချိန်နှင့်တစ်ပြေးညီ မပိတ်ဘဲထားမိခြင်းစသည့်လူသားတို့၏ ေါ့ဆမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။

အကယ်၍ မီးလောင်မှုဖြစ်ပွားပါက ထွက်မပြေးပါနှင့်၊ ကြိတ်၍မငြှိမ်းပါနှင့်၊ ပတ်ဝန်းကျင်သို့အကူ အညီတောင်းခံပါ။ မိမိနေအိမ်တွင် ရှိထားသော မီးသတ်ဆေးဘူးကို အသုံးပြုလိုက်ပါ။ နီးစပ်ရာမီးသတ် တပ်ဖွဲ့စခန်းကို အမြန်ဆုံးအကြောင်းကြားပါ။ လူတိုင်းအိမ်တိုင်းတွင် မိမိတို့နေထိုင်ရာ မြို့နယ်မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို နေအိမ်အတွင်း ထင်သာမြင်သာရှိသည့်နေရာတွင် ရေးမှတ်ထားရန် မမေ့ပါနှင့်။ သင့်ကို ကူညီနိုင်သူသည် မီးသတ်တပ်ဖွဲ့သာဖြစ်သည်။ မီးသတ်တပ်ဖွဲ့ကိုသာ အချိန်မီ အကြောင်းကြားနိုင်ပါလျှင် အချိန်မီ မီးငြှိမ်းသတ်ခြင်းဖြင့် ပြည်သူလူထု စိတ်ချမ်းသာစေရမည်။ မိမိတို့နေထိုင်သည့် ရပ်ကွက်အတွင်း လမ်းများသည် မီးသတ်ကား အလွယ်တကူဝင်ထွက်နိုင်သော လမ်းများဖြစ်နေရန်ကိုလည်း ပြည်သူများအနေဖြင့် ကြိုးပမ်းထားသင့်သည်။

မီးလောင်မှုတစ်ခုခု ဖြစ်ပွားတိုင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် အချိန်နှင့်တစ်ပြေးညီ ရောက်လာမည်ဖြစ်သည်။  မီးသတ်တပ်ဖွဲ့၏ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အတိုင်း   မီးငြိမ်းအောင် ဆောင်ရွက်မည်။

ထိုသို့ဆောင်ရွက်ပေးနိုင်ရန် အတွက် မီးသတ်တပ်ဖွဲ့များသည် အစဉ်အမြဲဇာတ်တိုက် လေ့ကျင့်ထားပါသည်။

ထို့အတူ မီးငြှိမ်းသတ်မှုတွင် အတွေ့အကြုံများစွာ ရှိထားပြီးဖြစ်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ကျေးရွာ၊ ရပ်ကွက်နေရာတိုင်းတွင် မီးသတ် ရေလှောင်ကန်များ ထားရှိပေးထားရာ ထိုရေကန်များတွင် ရေများအမြဲပြည့်နေရန် လိုအပ်သည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် မီးသတ်တပ်ဖွဲ့အတွက် ကောင်းကျိုးဖြစ်ထွန်းစေသလို မီးလောင်မှုကို တားဆီးရာတွင် လျင်မြန်ထိရောက်မှုရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များ အနေဖြင့် လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့် ဟူ၍သင့်လေးသင့်ဖြင့် နေ့စဉ်အဆင်သင့်ရှိနေပါသည်။ မီးသတ်ဦးစီးဌာနက ခေတ်မီမီးငြှိမ်းသတ်နည်းများ၊ အထပ်မြင့် အဆောက်အအုံ တိုက်ခန်းများတွင် မီးငြှိမ်းသတ်နည်းများနှင့် ယင်းတိုက်ခန်းများတွင် နေထိုင်သူ များအား ကယ်တင်ခြင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားပြီးဖြစ်သည်။ မီးသတ်တပ်ဖွဲ့များအနေဖြင့် မီးသတ်စွမ်းရည် အပြည့်အဝရှိအောင်  လေ့ကျင့်ဖြည့်ဆည်း ထားသလို ပြည်သူများအနေဖြင့် မီးလောင်မှု မဖြစ်ရေးလိုက်နာရမည့် အချက်များအတိုင်း လိုက်နာသင့်ပါသည်။လူသားတို့၏ အမှတ်တမဲ့ပြုမူ လိုက်မှုသည် အမှတ်တရမမေ့နိုင်စရာ ဖြစ်တတ်သည်။အနှစ်ချုပ်ရသော် ကြိုတင်ကာကွယ်မှုဖြင့် မီးကိုအနိုင်ယူကြရန် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုရေးသား လိုက်ရပေသည်။   ။