နိုင်ငံ့အတွက် ကျောက်မျက်ရတနာ

 

နိုင်ငံ့အတွက် ကျောက်မျက်ရတနာ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၆ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း  ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော် အကြီးအကဲက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများနှင့် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ကျောက်မျက်တွင်းထွက်ရတနာ အမျိုးအစားပေါင်း ၇၅ မျိုးအထိ ထွက်ရှိကြောင်း သိရှိရသည်။ ထိုသယံဇာတ ကျောက်မျက်ရတနာများသည် နိုင်ငံတော်အတွက် အကျိုးစီးပွားဖြစ်ထွန်းစေလျက်ရှိသည်။  ကိုယ်ပိုင်ထီးနန်းဖြင့် နေထိုင်ကြစဉ်ကပင် မြန်မာ့ကျောက်မျက်ရတနာများသည် တန်ဖိုးမဖြတ်နိုင်အောင် ဖြစ်ခဲ့သည်။ ရတနာစိန်ကျောက် ဇယ်တောက်တန်းကစားခဲ့ပြီး အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ခဲ့ကြောင်း ဘုရားကျောင်းကန် စေတီပုထိုးများက သက်သေပြုလျက်ရှိသည်။

နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းခဲ့မှုမှာ သမိုင်းစဉ်တစ်လျှောက်သာမက လက်ရှိအခြေအနေ အထိပင်ဖြစ်သည်။ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်က  စတင်ခဲ့သည်ဟု သိရသည်။  ပထမဆုံးအကြိမ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ ခုနှစ်တွင်  ရန်ကုန်မြို့  အင်းယားလိတ် ဟိုတယ်၌  စတင်ကျင်းပခဲ့သည်။ ပထမဆုံးအကြိမ်မှ  ၁၉၉၃  ခုနှစ်  ဖေဖော်ဝါရီလ  အကြိမ် (၃၀)  မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၁ ပွဲကို ရန်ကုန်မြို့အင်းယားလိတ်ဟိုတယ်၌ပင် ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ် နှစ်လယ်ပြပွဲမှ ၂၀၀၆ ခုနှစ် မတ်လ (၄၃) ကြိမ်မြောက်ပြပွဲအထိ ပြပွဲပေါင်း ၃၅ ပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲမှ ၂၀၁၀ ပြည့်နှစ် ဇွန်၊ ဇူလိုင်အထူးပြပွဲအထိ ပြပွဲပေါင်း ၁၃ ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ  မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့သည်။

ယခု(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို  မေလ ၃ ရက်မှ ၁၂ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိသည်။ ယခုပြပွဲတွင်ပုလဲ အတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးနေခြင်း ဖြစ်သည်။ကျောက်မျက်အတွဲ (A) နှင့်(B) အုပ်စုမှ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့်သတ်မှတ်ထားရှိပြီး(C) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထားသည်။

ပုလဲအတွဲ၊ ကျောက်မျက်အတွဲ (A) နှင့်(B) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊  ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး  ပြည်တွင်းရတနာ ကုန်သည်များက  မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်းနှင့် ပြည်တွင်းရတနာ ကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့်  (C)  အုပ်စုမှကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်သည်။ ပြည်တွင်း၊ ပြည်ပ  ရတနာကုန်သည်များ အနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A)  အုပ်စုမ ှကျောက်စိမ်းအတွဲများ အတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင်  အမေရိကန်ဒေါ်လာနှင့် ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့်ပေးချေရမည် ဖြစ်ကြောင်း သိရသည်။  ပုလဲအတွဲ၊ ကျောက်မျက်အတွဲ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသော ပြည်ပရတနာကုန်သည်များ အနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များ အနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊  (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို  ပြည်တွင်းရတနာ ကုန်သည်များသာ ဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကိုမြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် MSME  လုပ်ငန်းရှင်များ ကုန်ကြမ်းရရှိစေပြီး လွယ်ကူအဆင်ပြေသည်။ ကျောက်စိမ်းအုပ်စု (C) တွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်အတွက် ကုန်သည်ငယ်များ ဝယ်ယူနိုင်သည်။ ကုန်ကြမ်းများမှတစ်ဆင့် အချောထည် လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ တွဲ ပုလဲအလုံးရေ တစ်သိန်းဖြစ်ပြီး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ  ၃ ဒသမ ၃ သန်းကျော်ဖိုးဖြစ်သည်။   အနှစ်ချုပ်ဆိုရသော် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ နိုင်ငံတော်အတွက် များစွာ အထောက်အကူရရှိသည့် ပွဲဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။