ကျွမ်းကျင်လုပ်သားများနှင့် အခွင့်အလမ်း

 

ကျွမ်းကျင်လုပ်သားများနှင့် အခွင့်အလမ်း

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၇ ရက်)

    မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်းများစွာ ရှိပြီးဖြစ်သည့်အတွက် အဆိုပါ အခွင့်အလမ်းများကို ထိရောက်အကျိုးရှိစွာ အသုံးပြုလျက် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ပြည်ပမှကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ပို့ကုန် တင်ပို့သည့်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် MSMEလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာခြင်းနှင့်အတူ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း များပြားလာပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်း မြင့်တက်လာမည်ဖြစ်သည်။

MSME လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်လုပ်သားများ ရရှိရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်၍ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများ တည်ထောင်နိုင်ရေးအတွက် အားပေးကူညီခြင်း၊ ကျွမ်းကျင်မှု အဆင့်အလိုက်  ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ Skill Labour များရရှိရန် ပညာရေးကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လုပ်သားအင်အားကို အခြေပြုသည့် အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးနိုင်သည့် လုပ်ငန်းများဖြစ်သည်။ နိုင်ငံသားများအား အလုပ်အကိုင် ရှာဖွေပေးနိုင်သလို နိုင်ငံခြားငွေရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ဖြည့်စွမ်းပေးနိုင်သည့် လုပ်ငန်းလည်းဖြစ်သည်။ ထို့ကြောင့် အထည်ချုပ်လုပ်ငန်း ကဏ္ဍများ အောင်မြင်စေရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာစေရန်  နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ၏ပြည်တွင်းထွက်ကုန် တိုးမြှင့်ရေးနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များဖြေရှင်း ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့်အလုပ်သမားတို့ အကြား  အပြန်အလှန် အသိအမှတ်ပြုမှုနှင့် သဟဇာတဖြစ်မှုများ ရှိအောင် နိုင်ငံတော်အစိုးရက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိသည်။ အလုပ်ရှင်နှင့်အလုပ်သမားတို့ သဘောထားချင်း တူညီမျှတနေမှသာ လုပ်ငန်းများ အောင်မြင်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်း ၃၀၁၇ ဖွဲ့နှင့်အလုပ်ရှင် အဖွဲ့အစည်း ၂၈ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများကိုကိုယ်စားပြုသည့် အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အတူပူးပေါင်း ပါဝင်ဆောင်ရွက်နေသည့် အတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်နေပြီဖြစ်သည်။

မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌စနစ်တကျ အသုံးချနိုင်ရန် ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးလျက်ရှိသည်။  မြန်မာအလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့် နိုင်ငံများတွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်။

အလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ သတင်းမီဒီယာများက ဖော်ပြပေးလျက်ရှိသည်။ ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ဧပြီလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၄၂၁ ဦးစေလွှတ်ခဲ့သည်။ မတ်လအတွင်းကလည်း EPS လုပ်သားစုစုပေါင်း ၈၆၂ ဦးနှင့်  ဖေဖော်ဝါရီလအတွင်းကလည်း E-9  ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း ၁၃၃၃ ဦး စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံဖြစ်လာရေး၊ ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေရာ မိမိအကျိုး၊ နိုင်ငံတော်အကျိုးကို ရှေးရှု၍ လူမှုစီးပွားဘဝ မြင့်မားအောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။   ။