လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး

 

လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး

 

အယ်ဒီတာ့အာဘော်               

(၂၀၂၄ ခုနှစ်၊ မေ ၈ ရက်)

    နှစ်စဉ်မေလ ၈ ရက်သည် ကမ္ဘာ့ကြက်ခြေနီနေ့ (World Red Cross Day) ဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” "Keeping Humanity Alive"ဖြစ်သည်။ လူသားချင်းစာနာမှုသည် ဤကမ္ဘာလောက ကြီးတွင် လွန်စွာလိုအပ်နေသော စိတ်ထားဖြစ်သည်။ ထိုစိတ်ထားရှင်သန်နေရန်အတွက် ကမ္ဘာ့လူသား အားလုံးက ကြိုးပမ်းကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ လူသားချင်းစာနာမှုကို အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းမှုတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အခန်းကဏ္ဍသည် အဓိကကျလှသည်။ လူသားချင်းစာနာမှုဟု ပြောဆိုနေသော်လည်း လက်တွေ့တွင်လိုက်ပါ လုပ်ဆောင်နေခြင်း မရှိသောအခါ ကမ္ဘာ့နေရာဒေသအချို့တွင် သေကျေပျက်စီးငတ်မွတ်ခြင်း ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကြက်ခြေနီအသင်း ဖွဲ့စည်းထားရှိရာ ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်ဖြစ်သည်။ ယင်းရည်ရွယ်ချက် အောင်မြင်စေရန်အတွက် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊  ဘေးဒုက္ခရောက်သူများကို ကူညီရန်ဟူသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ညီလာခံကိုယ်စားလှယ်များက ရွေးချယ်သော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ၊  အစိုးရခန့်အပ်သော ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံအတွင်း လူမှုကရုဏာလုပ်ငန်းများကို  စနစ်တကျ လုပ်ကိုင်နိုင်စေရန်၊ နိုင်ငံတော်က ကြက်ခြေနီအသင်း အက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတကာ ကြက်ခြေနီလှုပ်ရှားမှုတွင် အမျိုးသားကြက်ခြေနီအသင်း တစ်သင်း အဖြစ်ရပ်တည်ခဲ့သည်။ လူမှုကရုဏာ လုပ်ငန်းများကို ဆောင်ရွက်ရာတွင်  နိုင်ငံတော်၏ အရန်အင်အား အဖြစ်ရပ်တည်ပြီး လူမှုရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်နေသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း တစ်တပ်တစ်အားပါဝင်ကူညီလျက်ရှိသည်။

မြန်မာလူမျိုးတို့၏ပင်ကိုစရိုက်ဖြစ်သော  ကြင်နာသနားစိတ်၊  ရိုင်းပင်းကူညီလိုစိတ်၊  ထောက်ပံ့ပေးကမ်းလိုစိတ်တို့သည်  မြန်မာမှုနယ်ပယ်တွင် ရှေးအစဉ်အဆက်ကပင် ကိန်းအောင်းလျက်ရှိနေခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုသည့် ကရုဏာတရားသည်  မြန်မာလူမျိုးတို့အတွက် အထူးတလည်မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်အတွင်း နေ့စဉ်လုပ်ဆောင်နေသော လူမှုဝတ္တရားများအဖြစ် ရှိနေခဲ့သည်။ အဆိုပါလုပ်ဆောင်ချက်များမှာ ယနေ့ကမ္ဘာတွင် ရေပန်းစားနေသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လူမှုကရုဏာ လုပ်ငန်းများပင်ဖြစ်သည်။  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် စေတနာ့ဝန်ထမ်း လုပ်အားရှင်များကို အခြေခံကာဖွဲ့စည်းထားသည့် အသင်းဖြစ်သကဲ့သို့ လူထုလူတန်းစားအလွှာစုံ ပါဝင်သောလူမှု ကရုဏာအသင်းလည်းဖြစ်သည်။ ပြည်သူလူထုအကျိုးအတွက် ပြည်သူလူထုပူးပေါင်း ပါဝင်လိုသော အသင်း တစ်သင်းဖြစ်စေရန်နှင့် လူမှုကရုဏာ လုပ်ငန်းများကို စိတ်ပါဝင်စားကာ ပူးပေါင်းပါဝင်လိုသူများကို ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးကာ ဖွဲ့စည်းဆောင်ရွက်သည့် အသင်းကြီးလည်းဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုကို အလေးထားဆောင်ရွက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်၊ လူမှုအသိုက်အဝန်းအတွင်း ထိခိုက်နစ်နာစေမှု လျော့ပါးရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီး များမှာလည်း အမျိုးသားများနှင့်တန်းတူ ပါဝင်ဆောင်ရွက်လျက်ရှိပြီး လူမှုဝန်ထမ်းစိတ်ဓာတ်များ အပြည့် အဝရှိသည့် ကြက်ခြေနီအသင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခဖြစ်ပွားမှုများ၊ ကူးစက်ရောဂါ ကျရောက်မှုများတွင် ကျန်းမာရေးဝန်ထမ်း၊ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့များနှင့်အတူ ကြက်ခြေနီမောင်မယ်များ အနေဖြင့်ပါဝင် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏  အရန်အင်အားအဖြစ် ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့မေလ ၈ ရက်သည် (၇၆)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကျယ်ပြန့်စွာတည်ရှိသည့်ကြက်ခြေနီ အသင်းပေါင်းများစွာကို စတင်အုတ်မြစ်ချပေးခဲ့သူမှာ ဟင်နရီဒူးနန့်ဖြစ်သည်။ဟင်နရီဒူးနန့်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌  ၁၈၂၈ ခုနှစ် မေလ ၈ ရက်တွင်မွေးဖွားခဲ့သည်။ 

အသက် ၃၄ နှစ်အရွယ်တွင် စီးပွားရေးကိစ္စဖြင့် တတိယမြောက် နပိုလီယန်အားတွေ့ဆုံရန် သွားစဉ် ဆိုဖာရီနို စစ်မြေပြင်သို့ ရောက်ရှိခဲ့သည်။ စစ်ပွဲတွင်ပြုစုသူ ကင်းမဲ့နေသော နှစ်ဖက်စလုံးမှ ဒဏ်ရာရစစ်သည်များအား  တွေ့မြင်ပြီးနောက် လူသားချင်းစာနာစိတ်ဖြင့် ကူညီပြုစုခဲ့သည်။ ကိုယ်ပိုင်စီးပွားရေးထက် ကြက်ခြေနီလုပ်ငန်းကို အလေးထားလုပ်ဆောင်ခဲ့သည်။ အနှစ်ချုပ်ဆိုရသော် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး”ဆောင်ပုဒ်နှင့်အညီ လိုက်ပါလုပ်ဆောင်လျက်ရှိကြသော မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအဝင် နိုင်ငံအသီးသီးရှိ ကြက်ခြေနီတပ်ဖွဲ့များအား ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။  ။